သွေးခဲခြင်းအကြောင်း တစ်စေ့တစောင်း
သွေးခဲတယ်ဆိုတာ သွေးကြောထဲက အနည်းငယ်ခဲနေတဲ့ ဒါမှမဟုတ် ဂျယ်လ်လိုပုံစံ အစုအဝေးကို ဆိုလိုတာဖြစ်ပါတယ်။ သွေးခဲတွေဟာ ထိခိုက်ဒဏ်ရာ ရတဲ့အခါ ဒါမှမဟုတ် ခွဲစိတ်ကုသနေတဲ့အချိန်မှာ အလွန်အကျွံ သွေးထွက်ခြင်းကနေ ကာကွယ်ပေးတယ်ဆိုပေမယ့် တခြားအကြောင်းရင်းတွေကြောင့် သွေးခဲတာဆိုရင်တော့ ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ပါ ထိခိုက်လာစေနိုင်ပါတယ်။
သွေးခဲခြင်းရဲ့ အပြင်ပိုင်း အခြေအနေတွေကတော့
- Platelet နဲ့ Fibrin တွေ ပေါင်းစုထားတဲ့ အစုအဝေးဖြစ်တယ်။
- သွေးခဲတဲ့နေရာမှာ မလိုအပ်ဘဲ သွေးတွေထပ်မထွက်အောင် တားဆီးပေးတယ်။
- အနီရောင် ဂျယ်လီလိုပုံစံနဲ့ အပြင်ပိုင်းကနေ အဖုံးလို ကာပေးထားတယ်။
- သွေးကြောထဲက ဘယ်နေရာမှာမဆို သွေးခဲတာ ဖြစ်နိုင်ပါတယ်။
- သွေးခဲတွေက သွေးကြောထဲမှာ ပိတ်ဆို့သွားတာ၊ တခြားကိုယ်တွင်းအင်္ဂါတွေထဲမှာ ပိတ်မိနေတာဆိုရင် ကျန်းမာရေးအရ စိုးရိမ်ရပါတယ်။
သွေးခဲခြင်းက သဘာဝအတိုင်း ဖြစ်နိုင်တယ်ဆိုပေမယ့် တခြားဖြစ်နိုင်ခြေတွေအနေနဲ့ -
- သွေးအလွန်အကျွံ ထွက်တဲ့ ရောဂါတွေ ရှိနေတာ
- သွေးခဲရောဂါ ရှိနေတာ
- အသက် (၆၅) နှစ်နဲ့အထက် ဖြစ်နေတာ
- ကိုယ်ဝန်ဆောင်နေတာ
- အဝလွန်နေတာ
- ကင်ဆာတစ်မျိုးမျိုး ရှိနေတာ
- ဆေးလိပ်ပုံမှန်သောက်နေတာ
- ဟော်မုန်းကုထုံး ခံယူနေတာ
- အကြောင်းအမျိုးမျိုးကြောင့် လှုပ်ရှားသွားလာလို့ မရတာတွေကြောင့်လည်း သွေးခဲနိုင်ပါတယ်။
ပုံမှန်မဟုတ်တဲ့ အကြောင်းရင်းတွေနဲ့ သွေးခဲသွားတဲ့နောက်မှာ
- အသက်ရှူကြပ်လာတာ
- ရင်ဘတ်အောင့်လာတာ
- နှလုံးခုန်နှုန်း မြန်လာတာ
- ခေါင်းထဲ မူးဝေပြီး အာရုံစူးစိုက်မရတာ
- ချောင်းခြောက် ဒါမှမဟုတ် သွေးချောင်းဆိုးတာတွေအထိ ဖြစ်နိုင်ပါတယ်။
မကြာခဏ သွေးခဲတတ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသဖို့ လိုအပ်ပြီး သွေးခဲတဲ့ ပြဿနာအတွက် သွေးကျဲဆေးတွေ သောက်သုံးဖို့နဲ့ ဆေးထိုးဖို့ ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။ သဘာဝအတိုင်း သွေးမခဲစေဖို့၊ သွေးခဲတဲ့ ပြဿနာကို သက်သာစေဖို့ -
- ချောင်ချိတဲ့ အဝတ်အစား၊ ခြေအိတ်၊ လက်အိတ်တွေကို ဝတ်ဆင်ပါ။
- မကြာခဏဆိုသလို ကိုယ့်ခြေထောက်ကို နှလုံးရှိတဲ့နေရာရဲ့ အပေါ် (၆) လက်မအထိ မြှောက်ပင့်ထားပါ။
- ဆရာဝန်ညွှန်ကြားတဲ့ လေ့ကျင့်ခန်းအမျိုးအစားတွေကို အဓိက လုပ်ပေးပါ။
- ကိုယ့်ရဲ့ ကိုယ်နေဟန်ထားကို မကြာခဏ ပုံစံပြောင်းပေးပါ။ တစ်နေရာတည်းမှာ အကြာကြီး Position တစ်မျိုးတည်းနဲ့ ရှိနေတာ၊ ထိုင်နေတာ၊ လှဲနေတာမျိုး ရှောင်ပါ။
- ဆား၊ အငန်ဓာတ် လျှော့စားပါ။
- မလိုအပ်ဘဲ ခြေ၊ လက်တွေကို ထိမိ၊ ခိုက်မိ၊ တိုက်မိတာတွေ ရှောင်ပါ။
- လှဲအိပ်တဲ့အခါ ဒူးခေါင်းအောက်မှာ ခေါင်းအုံးမခံထားပါနဲ့။
- သွေးခဲတဲ့ ပြဿနာအတွက် ဆရာဝန်ညွှန်းပေးထားတဲ့ ဆေးတွေကို မပျက်မကွက် သောက်ပေးပါ။
သွေးခဲခြင်းက တချို့သော အခြေအနေတွေမှာ သွေးစီးဆင်းမှုကို ပိတ်ဆို့ပေးခြင်း၊ ရုတ်တရက် တက်ပြီး သတိလစ်သွားခြင်း၊ ကိုယ်တွင်းအင်္ဂါတွေ လုပ်ဆောင်မှု ရပ်တန့်သွားတာတွေအပြင် အသက်သေဆုံးသည်အထိ အန္တရာယ်ကြီးတာကြောင့် မပေါ့ဆသင့်ပါဘူး။
ရဲမျိုးမြတ်